Thursday, 17 May 2012

အချိန်ခရီးသွားသူရဲ့ အိမ်သူသက်ထား (The Time Traveller's Wife)

 
အပိုင်း(၁) ဇာတ်ဆောင်များ- characters

ကလဲရာ 
ကျမဘ၀ထဲကို သူရောက်လာတော့ ကျမက ၆နှစ်သမီးပဲရှိသေးတယ်။
ကျောင်းကအပြန်မှာ အိမ်နောက်ဖက်က ကျမကစားနေကျ မြက်ခင်းပြင်ထဲ ကိုလာခဲ့တယ်။   မြက်ခင်းရဲ့ အစပ်မှာ တောအုပ်ကလေးနဲ့ ကျောက်တုံးအကြီးကြီးတခု ရှိတယ်။  ခြုံကွယ်မှာ   လူတယောက်ကို ရိပ်ကနဲမြင်လိုက်ရတော့ ကျမ တအားထိတ်လန့်သွားမိတယ်။  “ဘယ်သူလဲ” လို့ မေးပေမဲ့ ဘာအဖြေမှမရခဲ့ဘူး။   အိမ်နားက ကောင်လေးတယောက်ယောက်လားလို့ သံသယဖြစ်မိတယ်။ ဒါနဲ့ဘဲ ကြောက်ကြောက်နဲ့ စီးထားတဲ့ ဒေါက်ဖိနပ်ဦးချွန်ကလေးကိုချွတ်ပြီး ပစ်ပေါက်ထည့်လိုက်တယ်...။  ”မင်းရဲ့ဖိနပ်ကြောင့် ကိုယ့်မေးစေ့ ပေါက်သွားပြီ သိလား၊  ကျေးဇူးပြုပြီး ဘာနဲ့မှ ထပ်မပစ်ပါနဲ့လား  မိန်းကလေးရယ်၊ ပြီးတော့ မင်းမှာရှိတဲ့ ခြုံစရာတခုခုပေးပါလား”  လို့ အသံရှင် ကပြောတယ်။  ရှေးရေစက်ကြောင့်ထင်ပါရဲ့။ အဲဒီအသံရှင်ကို ကျမ ယုံတယ်။ ဒါနဲ့ ကစားစရာ ထည့်ဖို့ခင်းထားတဲ့ မျက်နှာသုတ်ပုဝါကြီးကို ခြုံနားအထိ ပစ်ပေးလိုက်တော့ အဲဒီပုဝါကြီး ခါးမှာပတ်ပြီး သူထွက်လာတယ်။  သူက ကျမတခါမှ မမြင်ဖူးတဲ့ ( ကျမအဖေအရွယ် ) ကိုလူချောတယောက်ပါလား။ “ရှင် ဘယ်သူလဲ ဟင်၊ ကျွန်မဖိနပ်ပြန်ပေးပါ” လို့ ကလဲရာကပြောတော့  “ ကိုယ့်နာမည်က ဟင်နရီပါ၊ ကိုယ်က အချိန်ခရီးသွားနေရတဲ့ သူပါ- ကလဲရာ၊ အခု ဗိုက်ဆာလှပြီ၊ တခုခုရှိရင် ကျွေးပါလား”  တဲ့။  အို- အို- သူ ကျမနာမည်ကို သိနေတယ်။

ဟင်နရီ
ကိုယ်ရဲ့ အနာဂတ် ဖူးစာဖက် မိန်းကလေးက ဆံပင်နီနီနဲ့ ချစ်စရာကောင်းတဲ့ ကလဲရာ ဆိုတဲ့ မိန်းကလေးပါ။  သူ အသက်နှစ်ဆယ့်နှစ်ပြည့်ရင် ကိုယ်နဲ့ သေချာပေါက် လက်ထပ်ရမယ်ဆိုတာ ကြိုသိနေလို့ပါ။  သူကလေးရဲ့ မိဘမောင်နှမတွေအကြောင်းကိုလည်း အားလုံးသိထားပါတယ်။  သူနဲ့ကိုယ် ဒီအိမ်နောက်ဖေးမှာ အကြိမ်ကြိမ် တွေ့ဆုံပြီး ကံကြမ္မာက သတ်မှတ်ထားတဲ့ နေ့တနေ့မှာ မိဘတွေကို တွေ့ဆုံပြီး လက်ထပ်ဖြစ်ကြမှာပါဘဲ။  အခုတော့ ကိုယ်သိပ်ဆာနေတယ်။  ကြင်နာတတ်တဲ့ မိန်းကလေးက ကိုယ့်ကို သူ့ပါလာတဲ့ ချောကလက်နဲ့မုန့်တွေကျွေးမယ်၊ နောက်ပြီး သူ့အဖေရဲ့ အကျီင်္ နဲ့ ဘောင်းဘီဟောင်းတွေ တိတ်တဆိတ်ယူလာပြီး ၀တ်ဖို့ပေးမယ်ဆိုတာလည်း သိနေခဲ့တာပါဘဲ။  အချိန်ခရီးသွားရတဲ့ကိုယ်ဟာ ကိုယ်ပိုင်ဆန္ဒမပါဘဲ ပစ္စုပ္မန်အချိန်တချိန်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး၊ အနာဂတ် သို့မဟုတ် အတိတ် အချိန်တခုခုမှာ ဗလာကိုယ်ထီး ၀င်ရောက်လာတတ်တယ်ဆိုတာ မင်းကိုသိစေချင်တယ် မိန်းကလေးရယ်။  အခုအချိန်မှာ ကိုယ့်အသက်က ၂၅နှစ်ဆိုရင်လည်း  ခဏအကြာမှာ ၁၆နှစ် သို့မဟုတ် ၃၆ နှစ် ဆိုတဲ့အချိန်ကာလကို ရောက်သွားတတ်တဲ့ လူထူးလူဆန်းတယောက်ပါ ။ ဒါကြောင့်လည်း မင်းကိုရော၊ မင်းမိသားစုအကြောင်းရော၊ ကိုယ်တို့ လက်ထပ်တဲ့ နေ့ကိုရော၊  မွေးလာမဲ့ ကလေးလေးကိုရော သိနေတယ်ဆိုရင် မင်းယုံနိုင်မလား...။ ဒါပေမဲ့ သိပ်ငယ်လွန်းသေးတဲ့ မင်းကို ကိုယ်တို့ရဲ့ အနာဂါတ်ပါတ်သက်မှုအကြောင်း အခုပြောပြလို့ မဖြစ်သေးဘူး။ ပြီးတော့ မင်းအသက် ၁၈နှစ်ပြည့်တဲ့အထိ ကိုယ် လုံးဝ မကျူးလွန်အောင် စောင့်ထိန်းမှာပါ..။

 အင်းဂရစ်
လူတွေက ဂျာမန်သွေးပါတဲ့ ကျမရဲ့ အလှကို ထင်ထင်ပေါ်ပေါ်နဲ့ ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်..။ ကိုယ့်ကိုယ်ကိုယ် လှတယ်ဆိုတာလည်း ကျမ သိတယ်။  ကျမဘ၀ရဲ့ အကြီးဆုံးအမှားကတော့ ဟင်နရီဆိုတဲ့လူကို နင့်နင့်နဲနဲ ချစ်မိတာပါဘဲ။  သူဖက်က ကျမကို တကယ်မချစ်ခဲ့ပါဘူး။ ဒါပေမဲ့  တနေ့နေ့မှာ သူချစ်လာနိုးနဲ့ ကျမ စိတ်ရှည်ရှည်စောင့်ပါတယ်။ သူ့လိုအင်မှန်သမျှကိုလည်း မငြိုမငြင် လိုလေသေး မရှိအောင် ဖြည့်ဆည်းပေးခဲ့တယ်။  သူ့ရဲ့ ထူးဆန်းတဲ့ဘ၀ကိုလည်း ကျမ စိတ်ဝင်စားမိတယ်။  ဒါပေမဲ့ သူက ကလဲရာ ဆိုတဲ့ မိန်းကလေးကို အရူးအမူး စွဲလန်းနေပုံရတယ်။  ကလဲရာကို ကျွန်မမုန်းတယ်၊ သူမကို သတိပေးတယ်၊ ဒါပေမဲ့ သူက ကျမကို  ပြန်ပြောခဲ့တယ်။  ဟင်နရီက ကျွန်မ ခြောက်နှစ်သမီးထဲက သိခဲ့ရတဲ့ ချစ်သူပါ တဲ့။  သူတို့ လက်ထပ်ကြချိန်မှာတော့ ကျမနှလုံးကြေကွဲရတာပါဘဲ။ ဟင်နရီကတော့ ကျမကို တခါမှ  ပြန်လှည့် မကြည့်တော့ပါဘူး။  သူ့ကို ကျမ နှလုံးသားက ချစ်နေဆဲပါဘဲ။ ဒါပေမဲ့ တချိန်တည်းမှာဘဲ သတ်ပစ်ချင်လောက်အောင်ကို မုန်းပါတယ်။

ဂိုမက်ဇ်
ကလဲရာဆိုတဲ့ ကောင်မလေးက ရုပ်ကလေး ချစ်စရာကောင်းသလောက် ဘယ်ယောက်ျားလေးနဲ့မှ မတွဲဘူး။  ထူးခြားတဲ့ သူ့ပုံစံကြောင့် လူတွေက ယောကျာ်းလျာစိတ်ဝင်နေတယ်လို့တောင် အများက ထင်ကြတယ်။  သူက ကျွန်တော့ ကောင်မလေး ခရစ်ဆီရဲ့ သူငယ်ချင်းဗျ။ ဒါပေမဲ့ ကျွန်တော်ကလည်း ကလဲရာကိုတော့ နည်းနည်း ခိုက်မိတယ်။  သူသာလက်ခံမယ်ဆိုရင် ခရစ်ဆီကိုခေါက်ပြီး သူ့ကို ပြောင်းတွဲလိုက်မှာဘဲ။  ခက်တာက ကလဲရာကို ကျွန်တော် ဘယ်လိုမှ ချဉ်းကပ်လို့မရဘူး ဖြစ်နေတယ်။ တနေ့မှာတော့ သူမနှုတ်ဖျားဆီက ကျွန်တော် တခါမှ မကြားဖူးတဲ့ နံမည်တခုကြားရတယ်။ “ဟင်နရီ” တဲ့...။ သူက ဘယ်သူလဲဆိုတာ တခါလောက်တွေ့ဖူးချင်ပါရဲ့ ..။

ဒေါက်တာ ကဲန်ဒရစ်
မော်လီကျူး ချို့ယွင်းမှုဆိုင်ရာအထူးကု ဆရာဝန်တယောက်အနေနဲ့ ကျူပ်ဆီကို ရောက်လာတဲ့ လူနာပေါင်း သောင်းခြောက်ထောင် ထဲမှာ ဒီလူက အထူးခြားဆုံးပဲ။  သူ့ကိုယ်သူ အချိန်ခရီးသွားနေသူပါ  တဲ့။  ဆေးသက်တမ်းတလျောက် တခါမှ မတွေ့ဘူးပေါင်ဗျာ။ ဒီလူ မူးယစ်ဆေးဝါး ကြောင်ပြီး  ပေါက်တတ် ကရ လျောက်ပြောနေတာ ဘဲဖြစ်ရမယ်။ သူ့ကို မကူညီနိုင်ပါဘူး လို့ပြောလိုက်တယ်။  စိတ်ပျက်လက်ပျက်နဲ့ သူ ကျူပ်ဆေးခန်းထဲက သူထွက်သွားတယ်။  အပြင်မရောက်ခင် ပြန်လှည့်လာပြီး ကျူပ်ကို စာအိတ်တခုပေးခဲ့တယ်ဗျ။  မီးဖွားဖို့ရက်ပိုင်းပဲ လိုတော့တဲ့ ခင်ဗျားဇနီး သားကလေး မွေးပြီးမှ ဖွင့်ပါ တဲ့။  ပြီးတော့ သူ့ကို ဆက်သွယ်ချင်လာရင်အထဲက ဖုံးနံပါတ်ကို ခေါ်ပါတဲ့။  “ကျူပ်မိန်းမက မိန်းကလေးမွေးမှာဗျ၊ အာထရာဆောင်းရိုက်ပြီးသား”  လို့ပြောတော့ သူက လက်တွေ့စောင့်ကြည့်ပါဦးတဲ့။  တကယ်ထူးလဲထူးတဲ့လူဗျာ။  သူလဲထွက်သွားရော ချက်ချင်းဆိုသလို စာအိတ်ကိုဖွင့်ဖတ်လိုက်တယ်၊ ကျူပ်မစောင့်နိုင်ဘူးလေ။  အထဲမှာ ရေးထားတာက -  မွေးလာမဲ့ကလေးရဲ့ ကိုယ်အလေးချိန်၊  အမည်၊ မွေးရက် မွေးချိန်အတိအကျ နဲ့ ယောက်ျားလေးဖြစ်ကြောင်း တွေပါ။ ကဲန်ဒရစ်ကို  အကြီးအကျယ် ထိတ်လန့်စေခဲ့တာကတော့ ကလေးမှာ  Down Syndrome  လို့ခေါ်တဲ့ မွေးရာပါ အာရုံကြော ချို့တဲ့မဲ့ ရောဂါပါလာလိမ့်မယ်ဆိုတဲ့ သတိပေးချက် ပါဘဲ။

 -----------------------------

အပိုင်း(၂) အနှစ်ချူပ်
ကလဲရာက ဟင်နရီကို အမြဲ စောင့်မျှော်နေရသူပါ။ သူ့ပြန်ရောက်လာတာ မြင်ရတိုင်း ပျော်ရွှင်မိတယ်။ ကလဲရာ အသက် ဆဲ့ခြောက်နှစ်မှာ ဟင်နရီနဲ့ ပွင့်ပွင့်လင်းလင်း ချစ်သူဖြစ်သွားကြတယ်။  သူကလွဲပြီး တခြားဘယ်သူ့ကိုမှ မချစ်နိုင်သလို ဘယ်သူတွေ တားလို့မှ သူ့အပေါ်ထားတဲ့ မေတ္တာနဲ့ ရည်မှန်းချက် မပျက်နိုင်ပါဘူး။  ကြုံလာသမျှ အဆိုးအကောင်းကို ရဲရဲ ရင်ဆိုင်ဖို့အသင့်ပါဘဲ။ ဟင်နရီက စိတ်လိုလက်ရတဲ့အခါ သူ့ငယ်ဘ၀ ကို ပြောပြတတ်တယ်။  သူ့အသက် ၅ နှစ်သားမှာ အိပ်ယာထဲမှာ အိပ်နေရင်း  ပြတိုက်တခုဆီ အချိန် ခရီးသွားတာ စဖြစ်ခဲ့တယ်။ ၇ နှစ်သားမှာ အမေက ကားတိုက်မှုနဲ့ဆုံးသွားတဲ့အကြောင်း၊  သူလည်း ကားထဲမှာပါပေမဲ့  အချိန်ခရီးသွားတဲ့ဖြစ်စဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပြီး သူက ကားအပြင်မှာ ကိုယ်တုံးလုံးလေး လဲနေခဲ့ကြောင်း၊  သူ့ အ၀တ်အစားတွေက  ကားထဲမှာ အပုံလိုက် ကျန်ခဲ့ကြောင်း ၊  သူတယောက်ထဲ ကွက်ပြီး အသက်မသေ ကျန်ခဲ့တဲ့အတွက် အပြစ်ရှိသလို တနုံ့နုံ့ခံစားနေရကြောင်း၊  စတာတွေကိုပေါ့..။   ဟင်နရီက နောင်ဖြစ်လာမဲ့ ကိစ္စတော်တော်များများကို ကြိုသိပေမဲ့ ကလဲရာ ကို ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။  ကိုယ် ပြုပြင်လို့ မရတဲ့ အနာဂတ်ကို ကြိုသိနေတာဟာ မလိုလားအပ်တဲ့ “ ရှုပ်ထွေးမှု၊ စိတ်မချမ်းသာမှု”  တွေကိုဘဲ ပေးနိုင်မှာ တဲ့။  ဒါပေမဲ့ တကြိမ်မှာတော့ မတော်တဆ စကားမှားရာကနေ နှစ်အနည်းငယ်အတွင်း  ကလဲရာရဲ့အမေ သားအိမ်ကင်ဆာနဲ့ ဆုံးပါးမှာကို မဖြစ်မနေ ဖွင့်ပြောလိုက်ရတယ်။

ဒေါက်တာ ကဲန်ဒရစ်က Down Syndrome ရှိတဲ့ သားကလေးတယောက် ရခဲ့ပြီးတဲ့နောက်မှာတော့ ဟင်နရီကို ယုံကြည်လာပြီး သူ့ကို စမ်းသပ်ကုသဖို့ ပြန်ပြီး ဆက်သွယ်ခဲ့တယ်။ ( မူလက မိန်းကလေး မွေးမယ်ဆိုတဲ့ ဆေးခန်းရဲ့ အာထရာဆောင်း အဖြေက လူနာအမည်မှားပြီး ပေးခဲ့တာပါ)  ဒေါက်တာရဲ့ စမ်းသပ်ချက်အရ ဟင်နရီက မွေးရာပါ ခရိုမိုဆုမ်းတခု မှားယွင်းဖောက်ပြန်ပြီး   အဲဒီခရိုမိုဆုမ်းကို ကိုယ်တွင်း ခုခံအားစနစ်က ခုခံတုန့်ပြန်ရာကနေ အချိန်ခရီးသွားရတာပါတဲ့။  ဒေါက်တာ ကဲန်ဒရစ်က ဟင်နရီရဲ့ သွေးနမူနာကိုယူပြီး ကြွက်နဲ့စမ်းသပ်တယ်။ ကြွက်ကလေးတွေက ဟင်နရီလိုဘဲ အချိန်ခရီးသွားတယ်။ ဒေါက်တာ ကဲန်ဒရစ်က ကြိုးစားပမ်းစား  ကုထုံးရှာတယ်။ လူ့ခန္ဒာကိုယ်ထဲက ခုခံအားစနစ်ကို ထိမ်းချူပ်လိုက်ရင် ပျောက်ကင်းဖို့ အလားအလာရှိပါတယ် တဲ့။   ဟင်နရီကတော့ အခုအချိန်မှာ အသက်တော်တော်ရနေပြီမို့ ကိုယ်တွင်း စံနစ်တွေ အလွန်ကမောက်ကမဖြစ်နေလို့ ကုလို့ မရနိုင်တာ့ပါဘူးတဲ့။  တကယ်လို့ အသက် ငယ်ငယ်ရွယ်ရွယ် မှာ ကုသတယ်ဆိုရင် မျှော်လင့်ချက်ရှိတယ်လို့ ဆိုပါတယ်။

 ကလဲရာအသက်နှစ်ဆယ့်နှစ်မှာ ဟင်နရီ အသက်သုံးဆယ်မှာ သူတို့နှစ်ဦး လက်ထပ်တယ်။  ဂိုမက်ဇ်နဲ့ ခရစ်ဆီက သတို့သားနဲ့ သတို့သမီး အရံပေါ့။လက်ထပ်ပြီး နှစ်နှစ်လောက်ကြာတဲ့အခါမှာတော့ ကလဲရာက ဟင်နရီရဲ့ ရင်သွေးလေး အရူးအမူး လိုချင်နေမိတယ်။ ဒါပေမဲ့ ကိုယ်ဝန်က ခဏခဏပျက်ခဲ့တယ်။  ခုနှစ်ကြိမ်မြောက်ကိုယ်ဝန်ဆောင်တော့မှ သမီးလေး အယ်လ်ဘာ ကို ရတယ်။  ဟင်နရီ အစိုးရိမ်ဆုံးက သမီးကလေးမှာ သူ့လိုဗီဇမျိုး ကပ်ပါလာမှာကိုပါဘဲ။  ကလဲရာက သမီးကလေး ၁၈နှစ်ပြည့်တဲ့အထိ စစ်ဆေးဖို့ ကုသဖို့ ဘာတခုမှ မလုပ်စေချင်ဘူး။   ၁၈နှစ်ပြည့်မှ အရာရာကို သူ့သဘောအတိုင်း ဆုံးဖြတ်ပါစေ - တဲ့။  ဒါပေမဲ့ ဟင်နရီက သမီးလေးရဲ့ သွေးကို မရရအောင်ဖောက်ပြီး ဒေါက်တာကဲန်ဒရစ် ဆီမှာ အပ်နှံပြီး စစ်ဆေးကုသဖို့ လုပ်ခဲ့တယ်။  အချိန်ခရီးသွားတဲ့အခါတိုင်း ကြုံတွေ့ရတဲ့ ဆာလောင်မွတ်သိပ်တာတွေ၊ ထိခိုက်အနာတရဖြစ်တာတွေ၊ အရှက်တကွဲဖြစ်ရတာတွေ သမီးကလေး အယ်လ်ဘာ ကို ထပ်မကြုံစေချင်လို့ပါ...။

ဟင်နရီဟာ အသက် ၄၃အရောက် နေ့တနေ့မှာတော့ ထုံးစံအတိုင်း ရုတ်တရက် ပျောက်ကွယ်ပြီး    အချိန်ခရီးသွားခဲ့တာ နောက်ဆုံး နှင်းတော တနေရာမှာ ပြန်ပေါ်နေပါတယ်။  သူ့ ခြေထောက်တွေက နှင်းကိုက်ပြီး သွေးမလျှောက်တော့ဘဲ ဆိုးဆိုးဝါးဝါးခံစားနေရတယ်။  ကလဲရာက အမြန်သွားကယ်ပြီး ဆေးရုံပို့ပေမဲ့ ခြေထောက်နှစ်ဖက်လုံး ဒူးဆစ်ကနေ  ဖြတ်ပစ် လိုက်ရတယ်။ ခြေတု တပ်ရတယ်။   အဲဒီအချိန်ကစပြီး ဟင်နရီရဲ့ စိတ်တွေ ရွှင်လန်းမလာတော့ဘူး....။  သူ့ရဲ့ အသက်ရှင်တဲ့ နေ့တွေ မကြာခင် ကုန်ဆုံးတော့မယ်လို့ အမြဲခံစားနေရတယ်..။ ကလဲရာက သူတတ်ထားတဲ့ ပညာနဲ့ အနုပညာပြပွဲ လုပ်တယ်။  ဟင်နရီအတွက် သူမဆွဲထားတဲ့ ပန်းချီကား တချပ်က  တောင်ပံတွေ အများကြီး ပါတယ်..။  သူ လွပ်လွပ်လပ်လပ် ပျံသန်းနိုင်ဖို့ အတောင်ပံတွေပါ  တဲ့။

စိတ်ဓါတ်ကျနေတဲ့ ဟင်နရီကို ပျော်ရွှင်လာစေဖို့  နောက်တနည်းကို ကလဲရာက ကြိုးပမ်း ပါတယ်။  ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ နှစ်သစ်ကူး ပါတီပွဲလုပ်ပါတယ်။  ဧည့်သည်တွေ အောက်ထပ်က မြက်ခင်းပြင်မှာ စားသောက်ပျော်ရွှင်နေကြတုန်းမှာ  အပေါ်ထပ်မှာ အတူတူရှိနေတဲ့ ဟင်နရီက ကလဲရာကို ဖွင့်ပြောပါတယ်။  သူ  အပြီး ထွက်သွားရတော့မယ်  တဲ့။  ကလဲရာက အထိတ်တလန့်  တားဆီးပြီး မသွားဖို့ ပြောပေမဲ့  ကံကြမ္မာကို မတားဆီးနိုင်၊ မပြောင်းလဲနိုင်ပါဘူး လို့ ဟင်နရီက ဆိုပါတယ်။  ဒါဆိုရင်ဘာကြောင့် ပါတီပွဲကို မတားခဲ့ရတာလဲလို့ ကလဲရာကမေးတော့  ”ကိုယ်သူတို့ကို နှုတ်ဆက်ချင်တယ်လေ”  တဲ့။   နောက်ဆုံးတော့  ဟင်နရီနဲ့  ကလဲရာဟာ အတူတူ လဲလျောင်း ၊  စောင်တထည်ကို တူတူခြုံလို့၊ တဦးကိုတဦး ညင်ညင်သာသာ  ပွေ့ဖက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာမဲ့ သေခြင်းတရားကို စောင့်မျှော်ကြတယ်..... ဘယ်အချိန်ရှိပြီလဲ လို့မေးတော့ ကလဲရာက သန်းခေါင်တိုင်တော့မယ် လို့ ပြောပါတယ်......ဟင်နရီက  “မင်းကို ကိုယ့်ဘ၀မှာ အချစ်ဆုံးနဲ့  အယုံကြည်ဆုံးပါ ကလဲရာ ရယ်”  လို့ ပြောပြီး ကလဲရာကို အနမ်းခိုင်းလိုက်ပါတယ်....  အောက်ထပ်က အသံတွေ လွင့်တက်လာပါတယ် ... ” တစ်ဆယ် ကိုး၊ရှစ်၊ခွန်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊နှစ်၊ တစ်၊ ဟက်ပီနယူးရီးယား”  တဲ့။  ရှန်ပိန်ဖေါက်သံ မီးပန်းဖေါက်သံတွေနဲ့အတူ ” ဟင်နရီနဲ့ ကလဲရာ ရော”  လို့ တယောက်ကို တယောက်  မေးနေကြတာကို ကြားရတယ်.........

သမီးကလေးနဲ့ ဧည့်သည်တွေ အပေါ်ထပ်ကို အပြေးကလေး ရောက်မလာခင်အတွင်းမှာ  ပြင်းထန်တဲ့ အဖျားတက်မှုမျိုးနဲ့အတူ ဟင်နရီရဲ့ ၀ိဥာဉ်က အဝေးကို ထွက်ခွာသွားပါတော့တယ်.......

 -----------------------------

 ဟင်နရီက သူသေမှ ဖတ်ပါလို့ ပြောခဲ့တဲ့ စာကလေးကို အံဆွဲထဲက ထုတ်ယူပြီး ကလဲရာက စာအိတ်ကို ဖွင့်ဖတ်ကြည့် လိုက်ပါတယ်.................

အချစ်ဆုံးလေး ကလဲရာ
ဒီစာကို မင်းရဲ့ စတူဒီယိုအလုပ်ခန်းရဲ့ အပြင်မှာ ဝေနေတဲ့ ညနေခင်း နှင်းပြာပြာမှုန်မှုန်တွေကို ကြည့်ရင်း ကိုယ့်ရဲ့ စားပွဲမှာ ထိုင်ရေးခဲ့တာပါ..... တကယ်ပြီးဆုံးသွားတာ သိပ်မသေချာလှပေမဲ့ မင်းဒီစာကို ဖတ်နေရချိန်မှာ ကိုယ်ဟာ သေဆုံးပြီးတဲ့ လူတယောက်  ဖြစ်ကောင်းဖြစ်နေလိမ့်မယ်....... ဘ၀ရဲ့ရှင်သန်ချိန်တွေ အလျင်အမြန်ကုန်ဆုံးလာပြီလို့ ခံစားမိချိန်မှာ  ကိုယ်မင်းကို တခုခု မှာခဲ့သင့်တယ်လို့လည်း တွေးမိတယ်.....

ကလဲရာ.... မင်းကို သိပ်ချစ်ပါတယ်လို့ ထပ်ပြောပါရစေ..... တို့နှစ်ဦးရဲ့အချစ်တွေဟာ နှစ်ပေါင်း အသင်္ချေအနန္တ ကြာမြင့်ခဲ့သလိုမျိုး မြဲမြံလှပါတယ်..။  ဒီညမှာ  မင်းအပေါ်မှာထားတဲ့ ကိုယ့်ရဲ့အချစ်တွေ ပိုပြီး လေးနက်သိပ်သည်းလာသလိုပါဘဲ.....  မင်းရဲအနားမှာလာပြီး ထွေးပွေ့ထားချင်မိတယ်...

ဘယ်အချိန်မှ မင်းရှေ့ကို နောက်တကြိမ် ပြန်ပေါ်လာမယ်ဆိုတာ မသိနိုင်တဲ့ကိုယ့်ကို မင်းဘ၀ တလျှောက်လုံး စောင့်စားပြီး ချစ် နေခဲ့ရတာ ကိုယ် အရမ်း အားနာလှတယ် ကလဲရာ.....။  ကိုယ်က မင်းအပါးမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေခဲ့ရတယ်လေ။  ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ခရီးကိုသွားခဲ့တဲ့ သဘောင်္သား Odysseus ကို သူ့ချစ်သူ စောင့်မျှော်နေရသလိုဘဲပေါ့။  ဒါပေမဲ့ မင်းဟာ အလှတရားနဲ့ အနုပညာကို ဖန်တီးနိုင်တယ်။  ကိုယ့်အတွက် မင်းဟာ အရာရာပါဘဲ..။

ကိုယ့်အမေသေပြီးချိန်မှာ အဖေ့ရဲ့ ဘ၀တွေ မှောင်အတိကျသွားခဲ့တယ်...။ ဒါကို အမေ မြင်ရင် ကြိုက်လိမ့်မယ်မဟုတ်ဘူး  ကလဲရာ။    မင်းမရှိရင်လည်း ကိုယ်ဒီလိုဘဲ ဖြစ်နေမှာပါဘဲ။  ဒါပေမဲ့ ကလဲရာ ရယ်။ ကိုယ့်မျက်လုံးနဲ့ မတွေ့မမြင်နိုင်တော့တဲ့အချိန်မှာတောင် မင်းကို နေရောင်ခြည်အောက်မှာ ဆံပင်နီနီ တောက်တောက်ကလေးတွေ တခါခါ နဲ့  ပျော်ပျော်ရွှင်ရွှင်လမ်းလျောက်နေတာ စိတ်ကူးကြည့်ချင်ပါသေးတယ်..။

ကလဲရာ - ရေ။  ကိုယ် အခုပြောပြမဲ့ ဒီအကြောင်းကို ပြောထွက်ဖို့ သိပ်ဝန်လေးပါတယ်။  ဘာကြောင့်လဲဆိုတော့ မင်းကို သိပ်ရှည်ကြာပင်ပန်းတဲ့ စောင့်မျှော်မှုနဲ့ မျှော်လင့်ချက်တွေ မပေးချင်လို့ပါ။  ဒါပေမဲ့ ကိုယ်မပြောဘဲ မနေနိုင်ပြန်ဘူး။   ပြီးခဲ့တဲ့ နွေရာသီက ဒေါက်တာ ကဲန်ဒရစ်ရဲ့ ဆေးခန်းမှာထိုင်နေရင်း ရုတ်တရက် ကိုယ် အချိန်ခရီး သွားခဲ့ရတယ်။ မိုးရွာပြီးစ အချိန်တချိန်   ဖြစ်နေတယ်။  ပြူတင်းပေါက် တခုရဲ့အနားမှာ ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ အမျိုးသမီးကြီး တယောက်ကို ကျောပေးထိုင်နေတာ တွေ့ရတယ်။ သူ့အနားက စားပွဲပေါ်မှာ လက်ဖက်ရည်ခွက်တခွက် တင်ထားတယ်။ ကိုယ့်ခြေသံကြောင့်လား သူဘဲ အာရုံတခုခုရလို့လားမသိဘူး။  အဲဒီအမျိုးသမီးက နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။  သူမရဲ့မျက်နှာက မင်း ဖြစ်နေတယ် ...။ ကလဲရာ ဆိုတဲ့ ချစ်စရာအဖွားကြီး ပေါ့..။  အဲဒီလိုပြန်လည်ဆုံတွေ့ရတာ ကိုယ့်အတွက်တော့ အရမ်းချိုမြိန်တာဘဲ ကလဲရာ...။  မင်းလည်း အာရုံထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ တကယ် ဖြစ်ရမဲ့ တချိန်ချိန်ကျရင် တကယ် ဖြစ်လာမှာဘဲပေါ့..။  အဲဒီလို ပြန်လည်ဆုံတွေ့တဲ့အချိန်အထိ မင်းကိုယ်မင်း လှလှပပလေး ပြုပြင်လို့၊ ဘ၀မှာ အပြည့်အ၀ ပျော်ပျော်ရွှင်ရွှင် နေလိုက်စမ်းပါ ကလဲရာ ရယ်...။

အခု မှောင်နေပြီ...။ ကိုယ်လဲ သိပ်ပင်ပန်းနေပြီ ကွယ်။  မင်းကို ကိုယ်သိပ်ချစ်ပါတယ်။  အချိန်ကာလရဲ့ အကန့်အသတ် ဆိုတာ တကယ်တော့ ဘာမှ အရေးမပါလှပါဘူး အချစ်ရယ်။

ဟင်နရီ

------------------------------

အပိုင်း(၃) ကျမအမြင်

မျှဝေချင်တဲ့ စာရေးဆရာမ  Audrey Niffenegger  ရဲ့ ထူးခြားလှတဲ့ ဇာတ်လမ်းတပုဒ်ပါ....
စာအုပ်ကိုလက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်း NEW ကိုရော၊ သယ်လာပေးခဲ့တဲ့ MM နဲ့ WPPA တို့ကို ကျေးဇူးတင်နေမိပါတယ်။ ဖတ်ခါစက ပျင်းစရာကောင်းသလိုလိုခံစားရတဲ့အတွက် ခဏခဏ ချထားခဲ့ရပေမဲ့ စာမျက်နှာ ၅၀-၆၀ လောက်မှာတော့ အတော်လေး စိတ်ဝင်စား   လာပါတယ်။   နောက်ပိုင်းတော့ ဇာတ်ရည်လည်လာပြီး ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲနဲ့   ပြီးတဲ့အထိ တောက်လျောက် ဖတ်ဖြစ်သွားပါတယ်။ စာရေးဆရာမရဲ့ ရေးသားပုံကလည်း တမူထူးလို့နေပါတယ်။ ကလဲရာရဲ့ ရှုဒေါင့်ကရေးလိုက် ဟင်နရီရဲ့ ရှုဒေါင့်ကနေရေးလိုက် တလှည့်စီ ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ထဲက အချိန်ကာလတွေကလည်း ဟင်နရီအတွက်  အတိတ်၊ ပစ္စုပ္မန်၊ အနာဂတ်တွေကို တလှည့်စီသွားနေတာမို့ ရင်တလှပ်လှပ်နဲ့ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။  ဇာတ်ကို အစအဆုံး တဖြောင့်တည်း ခေါ်သွားတာမဟုတ်ဘဲ jigzaw pieces ဆက်ယူရသလို ဟင်နရီရဲ့ ဘ၀အပိုင်းအစကလေးတွေ တစစီဆက်ပြီး သူကွယ်လွန်ချိန် ၄၃နှစ်အထိ ပုံဖေါ်ယူရတာကလည်း စိတ်ကျေနပ်စရာပါ။ ဟင်နရီမကွယ်လွန်ခင် အာရုံမြင်မက်ခဲ့သလို ကလဲရာ အိုမင်းသွားတဲ့တနေ့မှာ ဟင်နရီပြန်ပေါ်လာဦးမှာလား ဆိုတာကိုတော့ မပြောပြတော့ပါဘူး။ ကိုယ့်ဖာသာ ၀တ္တုဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း အဖြေရှာကြပါ - လို့...။

 ---------------------------------------------

အဲဒီဝတ္တုကလေးနဲ့ ဆက်စပ်ပြီး  လူတွေဟာ အချိန်ခရီးသွားသူ ဟင်နရီလို ကိုယ့်အနာဂတ်တွေကို ကြိုသိရင် ကောင်းသလား လို့ တွေးမိပါတယ်။   အဲဒီလို သိချင်ကြလို့ဘဲ   ငွေကုန်အချိန်ကုန်ခံပြီး   ဗေဒင်တွေ မေးကြတာ မဟုတ်လား။  တချို့ကလည်း ယတြာချေရင် အဆိုး ပျောက်တယ်လို့   ပြောကြတယ်။  ကိုယ့်အတွက် အနာဂတ်ကို အကောင်းဖက် ပြောင်းလဲဖို့ ကြိုးစားတာပေါ့နော်။  တကယ်လို့မှ  ပြောင်းလဲမရတဲ့ အဆိုးကံကြမ္မာမျိုး ဆိုရင်တော့ ကြိုမသိတာဘဲ ခပ်ကောင်းကောင်းရယ်။  ကျမတို့ လက်ရှိကာလမှ ဘ၀ ပျားရည်စက်ကို  မက်မက်မောမော စိတ်သန့်သန့် လျက်နိုင်တာပေါ့နော်..။

 သိပ္မံ Documentary တခုမှာ ကြည့်လိုက်ရတာက ပညာရှင်တွေဟာ  စကြာဝဠာကိုလေ့လာရင်း အချိန် ဆိုတဲ့ ဒိုင်မင်းရှင်းကို လေ့လာစူးစမ်းနေကြတယ်တဲ့။  အဲဒါကိုသာ သေသေချာချာသိပြီး ထိမ်းချူပ်နိုင်ခဲ့ရင် အတိတ်အနာဂတ်ကို ခရီးသွားနိုင်တော့မှာတဲ့။  အဲဒီအခါ ဘာတွေ အသုံးဝင်လာမလဲဆိုတော့  ကင်ဆာရောဂါကို လွန်မှ သိပေမဲ့ ဖြစ်စအချိန်ကို ပြန်သွားပြီး ကုသနိုင်မယ်၊  တိုက်တန်းနစ်သဘောင်္ကြီးကို မနစ်အောင်ပြန်ပြီး ကာကွယ်နိုင်မယ်၊  ကမ္ဘာစစ်လိုဟာမျိုးတွေကို မဖြစ်အောင် ကာကွယ်တားဆီးမယ် စသဖြင့်ပေါ့နော်။  ဒီလိုအတွေးဟာ အခုအချိန်မှာ အလွန်စိတ်ကူးယဉ်ဆန်တယ်လို့ ဆိုရမှာ ဖြစ်ပေမဲ့  နောင်မှာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောမရတဲ့ အခြေအနေ မဟုတ်လား...။


အဲဒီလိုသာ တကယ်ရခဲ့ရင် ကောင်းတာတွေ ဖြစ်လာသလို အဆိုးတွေရော မဖြစ်လာနိုင်ဘူးလား။ ရှုပ်ထွေးမှုတွေ အကျိုးစီးပွားချင်း ထိပ်တိုက်တိုးမှုတွေ ဖြစ်မလာနိုင်ဘူးလား လို့ ကျွန်မရဲ့ ဥာဏ်တိမ်တိမ် ကလေးနဲ့ တွေးနေမိပါတယ်။   ဘာပဲပြောပြော သဘာဝကို လွန်ဆန်တဲ့အတွက် သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျိန်းသေရှိလာမယ်လို့ တော့  ထင်မိပါတယ်.......။

---------------------------------------------
Vintage  Books, London Co. က ၂၀၀၅ခုနှစ်မှာ ထုတ်ဝေပြီး အရောင်းရဆုံး စာအုပ်စာရင်းဝင်ဖြစ်တဲ့  ဒီဝတ္တု ကို Warner Bros Pictures ကုမ္မဏီ က ၂၀၀၉ မှာ ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။   PG-13 အဆင့်ရှိတာကတော့ ကလဲရာနဲ့ ဟင်နရီတို့ရဲ့ love scene တွေကြောင့် ထင်ပါရဲ့ ။  The Time Traveler's Wife  ရဲ့ Trailer ကိုတော့ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်..... ပရိသတ် အများစုကတော့ ရုပ်ရှင်က ကြည့်ပျော်ရှုပျော်အဆင့် ရှိပေမဲ့ မူရင်းဝတ္တုရဲ့ ရသကို မမီဘူးလို့   ပြောကြပါတယ်....။  ဒါကတော့ နာမည်ကြီး ၀တ္တုတွေ ရုပ်ရှင်ရိုက်တိုင်း  ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါဘဲ၊  အခွေဝယ်လို့ ရရင်တော့ ရုပ်ရှင်အစအဆုံးကို  ကြည့်ချင်ပါသေးတယ်။  ၀တ္တုလေးလိုဘဲ ကျမကို ရင်နင့်စေဦးမလားဆိုတာ သိချင်နေပါလို့ပါလေ ..........။


http://www.youtube.com/watch?v=USUDlMBR-dQ


မိုးစက်ပွင့်

Wednesday, 25 April 2012

ဒီသင်္ကြန်

 ဒီသင်္ကြန်မှာ ဘာလုပ်မလဲ တဲ့၊ ချစ်ရတဲ့ သူငယ်ချင်းကလေးတချို့က မေးတယ်။ ကိုယ့်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိတာကြောင့် “ အိမ်တွင်း ပုန်းဖြစ်မယ် ထင်တယ်"   လို့ဘဲ ဖြေဖြစ်ခဲ့တယ်...။     နဂိုကတည်းက ရေထိမှာ  ကြောက်ရတဲ့အထဲ မီးသတ်ပိုက်တို့ ဘာတို့နဲ့ ကြမ်းကြမ်းတမ်းတမ်း ရေပက်ကြမှာကို အတွေးနဲ့တင် ကြောက်တတ်တဲ့အတွက်  အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေမိတာပါ။  ဒါပေမဲ့  ရေမပက်သေးတဲ့ အကြိုနေ့မနက် ခပ်စောစောမှာတော့ အာသာပြေ မြို့တပါတ် လှည့်ကြည့်ပစ်လိုက်တယ်။ 


လှတဲ့ ပိတောက်
 သင်္ကြန်လက်ဆေးမိုး ဟုတ်တိပတ်တိ မရွာပေမဲ့ အဲဒီအကြိုနေ့မှာ တမြို့လုံးက ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ကြတာများ ၀ါလို့ ၀င်းလို့။  မွှေးလို့ သင်းလို့။ အိမ်နီးချင်းကပိတောက်ပန်းလာပေးလို့ ဘုရားတင်တယ်၊ စားပွဲပေါ်မှာ ငွေဖလားလေးနဲ့ အလှထိုးတယ်။  တအိမ်လုံးအနှံ့ ပိတောက်ပန်းတွေ လိုက်ထိုးထားလိုက်တယ်။ ပိတောက်ရနံ့ကို နမ်းရှုရတာ သိပ်ကြိုက်တာလေ။  ဒါပေမဲ့ ညနေစောင်းတော့ နွမ်းနေတဲ့ ပန်းကလေးတွေ စွန့်ရတာ၊ ပန်းကြွေလေးတွေ လိုက်ကောက်ရတာတော့ သိပ်မနှစ်ခြိုက်လှ။  နုလိုက်တဲ့ပန်းကလေး။ တကယ်ဆို သင်္ကြန် သုံးလေးရက်လုံး မနွမ်းမကြွေ ရှိစေချင်ပါတယ်။  ပိတောက်ပန်း(Pterocarpus macrocarpus) က မြန်မာရဲ့ national flower လေ။ ဒီနေ့မှာ ၀ီကီမှာရှာရင်း တိုက်တိုက်ဆိုင်ဆိုင် မှတ်သားမိတာက  ထိုင်းရဲ့  national flower က “ငုပန်း”  တဲ့။  ကိုယ်ဖြင့် ဒီမတိုင်ခင်အထိ  ထိုင်းရဲ့ပန်းက ခရမ်းရောင် သစ်ခွလို့ ထင်ထားတာ။  နှံ့စပ်ပုံများ ပြောပါတယ်။


သတင်းဆိုး
အဲဒီအကြိုနေ့မှာဘဲ မြို့ထဲက မဏ္ထ္စပ်တခုမှာ လူတယောက် ရေစိုနေတဲ့ မီးကြိုးကနေ ဓါတ်လိုက်ပြီး သေသွားတယ် လို့  ကြားလိုက်ရတယ်။   မဏ္စ္ထပ်လည်း ပိတ်လိုက်ရတယ်တဲ့။  စိတ်မကောင်းစရာပါဘဲ။


တရားသဘင်
အိမ်နားမှာ လမ်းမနှစ်ခုဆုံတဲ့အတွက် ရပ်ကွက်ထဲမှာ  တရားမဏ္စ္ထပ် တခုဆောက်ပြီး ညစဉ်တရားပွဲ လုပ်ပါတယ်။  အကြိုနေ့ကနေ နှစ်ဆန်းတရက် အထိ ခြောက်ရက်ခြောက်ည တဲ့။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ တနေကုန် ဖွင့်ထားတဲ့ သီချင်းတွေက  ဆူညံသံတွေ ဖြစ်လာတယ်။ ဘုရားသီချင်း၊ သင်္ကြန်သီချင်းတွေဆိုရင်လည်း တော်သေးရဲ့။  အခုတော့ ဒုံဒုံဂွမ်ဂွမ် များနေတယ်။ ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ကလည်း  မိုက်ကရိုဖုန်းကို လက်က မချတမ်း ပြောဟောနေလေရဲ့။  မှတ်လောက် သားလောက်စရာတော့ သိပ်မပါလှ။  အလှူရှင်အများစုကလည်း “ကွယ်လွန်သူ ----- ကို ရည်စူး၍” ဆိုတာတွေများတယ်။ မိတ်ဆွေတယောက်ပြောတဲ့ (ငါ့ဘကြီးလည်း ဖျားနေပါပြီကွ) အားကျမခံ ပြောတာလေးကို သတိရမိတယ်။  ကိုယ်တိုင် အလှူသွားထည့်ရင်း အလှူရှင် နံမည်မကြေငြာပါနဲ့လို့ ပြောတာလည်း သူတို့က လက်မခံဘူး။  အများသာဓုခေါ်နိုင်အောင် လုပ်ပေးရမှာပေါ့ဆိုပြီး မိုက်ကရိုဖုန်းနဲ့ ၃-၄ခါထပ်ပြီး  ကြေငြာပါတယ်။ Customer ရဲ့ သဘောထားကို မလေးစားတာပေါ့နော်......။

ဘုန်းဘုန်းတွေဟောတဲ့ တရားတွေကိုတော့ အိမ်ကဘဲ ဒရင်းဘက် လေးနဲ့ ဇိမ်ကျကျနာလိုက်တယ်။  ပရိတ်အသင်းက ၀တ်သံပြိုင်ရွတ်လို့၊ တရားတောင်းစာတွေ ဖတ်လို့၊  ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်း လိုက်ခဲ့ဖူးတာ သတိတရ ဖြစ်သွားပါတယ်။ အလယ်ညမှာ ဟောတဲ့ ဆရာတော်က  တရားနာနည်း လေးနည်း ( ခွာနာ၊ ရှာနာ၊ ၀ဌ်နာ၊ ကံနာ) ထဲမှာ  “ခွာနာ  ဆိုတာ အဝေးကနေ တရားကို ခပ်ခွာခွာလေးနာတာ၊ ဥပမာ- ကက်ဆက်ကလေးပဲ ဖွင့်ဖွင့်ပြီး တရားနာတာ၊ အိမ်ကနေ လှမ်းလှမ်းပြီး တရားနာတာ)”  လို့ဟောတော့ ကိုယ့်ကို ရည်ညွှန်းပြီးပြောနေသလိုလို မလုံမလဲ ဖြစ်လို့....။ နောက်ဆုံးညက ကိုယ်တော်လေးက ကြာနီကန်ကိုယ်တော်နဲ့ ဘွဲ့ရော၊ အသံနေအသံထား၊ လေယူလေသိမ်း တူတယ်။ နောက်ဆုံး အဟမ်း ဆိုပြီး ခပ်ကျယ်ကျယ် ချောင်းဟန့်တာကအစ တူတယ်။ ကြာနီကန် ကိုယ်ပွားပေါ့။ တချို့ကိုယ်တော်တွေက ဟောရင်းလည်နေတယ်။  ၀ိပဿနာအားထုတ်ဖို့ ဟောတဲ့ ဒုတိယညကတရားကို အကြိုက်ဆုံးပါဘဲ။ တရားနာရတာ နှစ်သက်ပေမဲ့ ခြောက်ရက်တိုင်တိုင် တနေကုန်အသံချဲ့စက်နဲ့ နှိပ်စက်တာတော့ မခံစားနိုင်ဘူး။  နောင်နှစ်ကျရင် တနေရာရာ ခရီးထွက်မယ်လို့ အိမ်ကလူက ပြောပါတယ်...။


အစားအသောက်
အချိန်တွေ ပိုပိုလျံလျံရှိနေတာမို့  မုန့်ဟင်းခါးတို့၊  သာကူ၊ မုန့်နှပ် လုပ်စားဖြစ်တယ်။ မုန့်ဟင်းခါးကလွဲရင် ကျန်တဲ့နှစ်မျိုးက (အရမ်းလွယ်ပေမဲ့) ကိုယ့်ဖာသာကိုယ် ပထမဦးဆုံးအကြိမ် လုပ်စားဖြစ်တာမို့ အချိန်အဆက သေချာမသိ၊  ဒေါ်ရမ်းချက်ပေါ့ ။  အကဲ့ရဲ့ခံရမှာစိုးလို့ အရသာ အကြိမ်ကြိမ်မြည်းပြီးမှ အိမ်နီးနားချင်း၃-၄ အိမ်ကို ဝေရဲတယ်။ အောင်မြင်သွားတော့ မာန်တွေတက်ပြီး  နောက်တခါ ပေါက်ဆီ လုပ်စားမယ်။  သူငယ်ချင်းတွေ ဘလော့ထဲမှာ ကြည့်လုပ်မယ် လို့ အိမ်သားအချင်းချင်း ကြွားပစ်လိုက်တယ်။

အိမ်သန့်ရှင်းရေး
အမေက နှစ်ဆန်းတရက်နေ့ဆိုရင် အမြဲတမ်း အိမ်က အသုံးကြာတဲ့ပစ္စည်းတွေကို ဂရုစိုက်ပြီး ဆေးကြောလျှော်ဖွပ်လေ့ရှိတယ်။  ( တနှစ်မှတခါလျှော်တာတော့ မဟုတ်ဘူးပေါ့)။  ကိုယ်က အဲဒီလို တထစ်ချကြီး အစွဲအလန်းမထားပေမဲ့ အချိန်ရတုန်း အိမ်မှာရှိတဲ့ စောင်၊ခြင်ထောင်၊ ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း အပါအ၀င်၊  ရတတ်သမျှ သန့်ရှင်းရေး လုပ်တယ်။  အများကြီးဆိုတော့ ကိုယ့်ဖာသာ ကိုယ်လည်းလုပ်၊ သူများကိုလည်း အကူအညီ ခေါ်ရတာပေါ့ကွယ်..။
ပုံကို ဒီက ယူပါတယ်



အီး သင်္ကြန်
ဖတ်ဖို့ အကြွေးတင်နေတဲ့ စာအုပ် သုံးလေးအုပ်လောက် ပြီးအောင် ဖတ်ဖြစ်တယ်။ TV မှာ National Geographic နဲ့     Knowledge Channel  အေးအေးဆေးဆေး ကြည့်ဖြစ်တယ်။  ကွန်ပြူတာမှာ  Zuma ကစားတယ်။ ရုပ်မြင်သံကြား  Channel အသီးသီးကနေ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အသီးသီးမှာ ရေကစားတာ ဖျော်ဖြေတာတွေ၊  အင်တာဗျူးတွေကို  Live ပြသတာကြောင့်  ဟိုဖက်ဒီဖက်ပြောင်းပြောင်း ကြည့်ရင်း  ခြေမညောင်း၊ နေမပူ၊ ရေမစိုဘဲ  သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်..။ အီး သင်္ကြန်ပေါ့..။

အ၀တ်အစား
ခုတလော သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး  အင်တာနက်မှာ အသံတွေ ဆူညံနေပါတယ်။  ကျမရဲ့ ကိုယ်ပိုင်သဘောထားကတော့ ခေတ်နဲ့အညီ ပြောင်းလဲ ၀တ်ဆင်ကြတာကို နှစ်သက်လက်ခံနိုင်ပေမဲ့ အမျိုးသားပွဲတော်မှာ National Identity ကို ထိပါးလာတဲ့အထိ  ၀တ်စား ဆင်ယင်ကြတာမျိုးကိုတော့ တယ်ပြီး ခံတွင်းမတွေ့လှဘူး...။  သူများယဉ်ကျေးမှုကိုပုံတူကူးချရင်း  ကိုယ့်ရဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့်------။ ကိုယ့် အမေကတော့ အပြင်ထွက်တိုင်း  သတိပေးတတ်တယ်။ ဒီခရီးနဲ့ ဒီထီး”  ” ဒီလမ်းနဲ့ ဒီပန်း”  သင့်အောင် ဆင်ရမတဲ့။  စကပ်တိုနဲ့  သူများ  အလှူမင်္ဂလာပွဲ  မသွားသင့်သလို၊  ဘတ်စကားစီးပြီး အလုပ်ခွင်ဆင်းတဲ့အခါ လုံချည် ခြေမျက်စိဖုံးနဲ့ လှုပ်လီလှုပ်လဲ့ သွားနေတာထက် ဂျင်းဘောင်းဘီဝတ်ပြီး သွားတာက ပိုပြီး လက်တွေ့ကျသလိုပေါ့။   မိမိ တကိုယ်ရည် လွပ်လပ်မှုဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ( cultural values) တွေကို  မခြိမ်းခြောက်သင့်ပါဘူး။  ဒီကိစ္စမှာ  ဘယ်သူနဲ့မှ မငြင်းခုံချင်ပေမဲ့ တွေးမိသလိုလေးဘဲ ရေးချမိတာပါ..။


ဘာပဲပြောပြော ကောဇာသက္ကရာဇ် ၁၃၇၃ ကနေ ၁၃၇၄ ကူးမြောက်ခဲ့ပြီ....။ ဘ၀ ခရီးသည်တွေ ဆက်လက် လိုက်ပါသည်ဖြစ်စေ၊ ဆင်းကျန်ခဲ့သည်ဖြစ်စေ အချိန်ရထားကြီးကတော့ တနှစ်ကို ၃၆၅မိုင်နှုန်းနဲ့  သူ့ဟာသူ မှန်မှန်ကြီး ခုတ်မောင်းနေဆဲပါဘဲ။


မိုးစက်ပွင့်

Thursday, 12 April 2012

ရေနံ့သာ

မတ်လ တလလုံးကတော့ ရုံးအလုပ်နဲ့ သာရေးနာရေး  နှစ်ခုပေါင်းပြီး နားရက်တရက်မှ မရှိခဲ့ပါဘူး။  စနေတနင်္ဂနွေ မှာတောင် ခရီးသွားနေရတယ်။ ဧပြီတရက်နေ့မှ ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ပါတယ်။  အဲဒီနေ့ကတော့ ရန်ကုန်မှာ လူတွေ တော်တော်ပျော်နေကြတယ်တော့ ကိုယ်လဲအတူတူပျော်ခဲ့ရတာပေါ့..။ ဧပြီ နှစ်ရက်နေ့မှ ချစ်သောအညာကို ပြန်ရောက်ပါတယ်။  ခရီးသွားရတာ နှစ်သက်ပြီး  ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရတာမို့ ပင်ပန်းတယ်တော့ မထင်မိပါဘူး။  ဒါပေမဲ့ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင် ဆိုသလို  အသက်လတ်ပိုင်း ရောက်နေတဲ့ ကိုယ့်အတွက် အနားယူမှုတခုခုတော့ ရှိသင့်တယ် လို့ တောင့်တောင့်တတ တွေးနေမိတယ်..။  သင်္ကြန်ရက်ကျရင်တော့ ......အင်း....  နားရမယ်ထင်ပါရဲ့လေ...။  အဲဒီ သင်္ကြန် မတိုင်ခင်လေးမှာဘဲ ရုတ်တရက်ကောက်ခါငင်ခါ တညအိပ် ခရီးထွက်ဖို့ကြုံလာရပြန်တယ်။



ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့......

ဆည်းဆာရဲ့အလှမှာ
က  နေတဲ့ နတ်သမီးလို
အတိတ်ရဲ့ ရွှေရောင်တွေ တစွန်းတစ ထင်ကျန်နေဆဲ ...

နို့မျက်နေတဲ့ မိခင်လို
ရေနံစင်ကြီးတွေ ရင်မှာ တပွေ့တပိုက်နဲ့
ရေနံ မထွက်ချင်တော့တဲ့ မြို့ ....

မောင်သိန်းဆိုင် လှလှပပချယ်သခဲ့တဲ့
ရေနံ့သာခင်ခင်ကြီးတို့ရဲ့မြို့ ....

ရင်ခုန်သံ ခေတ်သစ်စကားနဲ့
စာအရေးအကောင်းတဲ့ ဆရာဝန်မလေးရဲ့ဇာတိမြို့ ...

တောင်ကုန်းကလေးတွေ ကွေ့ကာဝိုက်ကာနဲ့
ဖူးစာရေးကုန်း ဆိုတဲ့ လွမ်းမောစရာ ကုန်းကမူကလေးနဲ့မြို့ .....

အ၀တ်နွမ်းနွမ်းတွေ ဆင်ထားတာအောင်
အလှတရားမပြယ်တဲ့ သူငယ်မလေးလို  မြို့ .....

အားလပ်ရက်မှာ  အလည်အပတ် ထွက်ရအောင်
မြို့အနှံ့  မြင်းလှည်းကလေး တို့- အတူတူစီးဖို့ 
လာလေ သွားကြပါစို့ ....
ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့.....။


ရောက်ဖူးခဲ့တဲ့ မြို့လေးတွေထဲမှာ ပြင်ဦးလွင်နဲ့ ဒီမြို့ကလေးကို သဘောအကျဆုံးပဲ.... လို့ ခရီးသွားဖေါ်မိတ်ဆွေ ကိုပြောပြမိတော့ သူက နားမလည်နိုင်စွာ ပြန်ကြည့်တယ်။  ဒီမြို့တွေမှာ အတိတ်က အငွေ့အသက် တွေကို ခံစားရလို့၊ မခမ်းနားပေမဲ့ ထည်ဝါတဲ့ ရှေးလက်ရာလေးတွေနဲ့၊   စိတ်ကူး ကောင်းကောင်း လေးတွေကို ပုံဖေါ်ထားတဲ့ ဗိသုကာ အငွေ့အသက်ကလေးတွေ တွေ့ရလို့၊  မြစ်နဲ့ချောင်းနဲ့ တောင်နဲ့ အပင်လှလှလေးတွေရှိလို့..။  ဘယ်လိုရှင်းပြပေမဲ့ သူကတော့ သိပ်လက်ခံချင်ပုံမရ။  ရှိပါစေလေ။  အလှဆိုတာ ကြည့်သူရဲ့အကြိုက်နဲ့ဘဲ ဆိုင်သည်မဟုတ်လား။ 

မြို့စွန်မှာတော့ သူဌေးကုန်း၊ တွင်းကုန်း စသဖြင့် အတိတ်ရဲ့ ပုံရိပ်ကိုထင်ဟပ်တဲ့ အမည်လေးတွေနဲ့ ရပ်ကွက်ကလေးတွေရှိပါတယ်။  တွင်းကုန်းလမ်းခွဲကနေ ညာဖက်ကိုချိုးလို့ သွားလိုတဲ့ ကျေးရွာလေးဆီ ဆက်ပြီး ဦးတည်လာကြပါတယ်။  လမ်းမှာ ဆိုင်းအဖွဲ့တွေပါတဲ့ ကားနဲ့ ဆုံခဲ့ပါသေးတယ်။ အလှူပွဲ ဖျော်ဖြေကြမလို့ ထင်ပါရဲ့။ အညာကျေးလက်မှာ ဆိုင်းတို့ အငြိမ့်တို့ ဆိုတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။


တနေကုန် အလုပ်လုပ်ပြီး ညဖက် အနားယူဖို့အတွက် မြို့ကလေးဆီ ပြန်ခဲ့ကြပါတယ်။  ညစာစားပြီးတော့ ကိုးနာရီထိုးနေပါပြီ။  ရွေးချယ်ထားတဲ့ နေရာက  “လေသာကုန်း” လို့ခေါ်တဲ့ ကမ်းနားက ဧည့်ရိပ်သာကလေး။ ကမ်းပါ်းတောင်ကုန်းက  ၀င်းခြံကျယ်ကြီးထဲမှာ  ဘန်ဂလိုပုံစံ နှစ်ခန်းတွဲကလေးတွေ သပ်သပ်ယပ်ယပ် ဆောက်ထားတာမို့  နှစ်သက် သဘောကျမိပါတယ်။


 အခန်းကလေးတွေကတော့ ဟိုတယ်လိုမျိုး သိပ်မကျယ်ဝန်းပေမဲ့ နေသာရုံ အလောတော်ပါ။ ကျမ အနှစ်သက်ဆုံးက မျက်နှာကျက်အမိုးပါ။  ရေပြင်ညီမဟုတ်ဘဲ အမိုးနဲ့ မျဉ်းပြိုင်ကပ်ထားတာမို့  အခန်းက ပိုမြင့်ပိုကျယ်သွားသလို ခံစားရပါတယ်။


မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေကို ခံစားရင်း သက်တောင့်သက်သာလဲလျောင်းနေမိတာမို့ သယ်လာတဲ့စာအုပ်တွေကို အားနာစွာနဲ့၊  စာဖတ်ဖို့စိတ်ကူးကို ဖျက်လိုက်ပါတယ်။ မှေးကနဲ အိပ်ပျော် သွားပြီး တရေးနိုးချိန်မှာတော့ မိုးနည်းနည်းရွာပြီး  လေခပ်ပြင်းပြင်းတိုက်နေပါတယ်။  ခေါင်မိုးဆီက တဂျွတ်ဂျွတ် ကြားရတာမို့  စိုးရိမ်စိတ်တွေ ဖြစ်နေမိပါတယ်။  တယောက်တည်းမို့ နည်းနည်း အားငယ်မိပေမဲ့  နာရီဝက် တနာရီကြာတော့ ရိုးသလိုဖြစ်သွားပြီး ပြန်အိပ်ပျော်သွားပါတော့တယ်။

မနက်ခင်းနိုးလာချိန်မှာတော့  ရာသီဥတုက သူမဟုတ်သလို သာသာယာယာ။    ခြောက်နာရီသာသာဘဲ ရှိသေးတာမို့ ကိုယ်လင်သန့်စင်ပြီး ရှုခင်းကြည့်ဖို့ လမ်းလျောက်ထွက်ပါတယ်။ အလှအပမြင်တိုင်း ခုံမင် နှစ်သက် တတ်သူမို့ ကျောက်စရစ် စီထားတဲ့ လျောက်လမ်းကလေးတွေ၊ ထန်းပင်စည် နဲ့လုပ်ထားတဲ့ ထိုင်ခုံကလေးတွေကအစ ချစ်နေမိပါတယ်။

နွေရာသီမို့  ဧရာမြစ်ပြင်က ကမ်းနဲ့ အလှမ်းဝေးနေခဲ့ပြီ။  ဒါပေမဲ့ သောင်ပေါ်က သစ်ပင်အုပ်စုလေးတွေက ချစ်စရာ။


ဝင်းခြံထဲမှာ နောက်ထပ် ဘန်ဂလိုအသစ်နှစ်လုံး ထပ်ဆောက်နေတာ တွေ့ရပါတယ်။ ပန်းပင်ကလေးတွေကို မြေအိုးကလေးတွေနဲ့  လှလှပပ စိုက်ထားတာ ဓါတ်ပုံတဖျပ်ဖျပ်ရိုက်နေမိပါတယ်။  

တနေရာမှာတော့ သိပ်လှတဲ့ ငုဝါပန်းပင်ပျိုကလေး။  အရွက်စိမ်းတွေ မရှိသလောက်ပေမဲ့ သူ့ရဲ့ ပွင့်ဝါ၀ါအခိုင်တွေက တစက်ကလေးမှ မညှိုးနွမ်းဘဲ  ပူပြင်းတဲ့ နွေကို အံတု အလှဆင်နေလေရဲ့။  “အင်း- ပိတောက်က နွေရဲ့အလှ ဆိုရင် ငုက နွေရဲ့ အားမာန်ဘဲ”  လို့ ဘာသာ ရေရွတ်မိနေခဲ့ပါတယ်။


လမ်းလျောက်ရင်း ပန်းပင်တွေကို ပြုစုနေတဲ့ အစောင့်ဦးလေးကြီးနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။  ပိုင်ရှင်က အနောက်တိုင်းကပြားသွေးစပ်တဲ့  အသက်ငါးဆယ်ကျော် မြန်မာတဦးဖြစ်ကြောင်း၊  သူက မူလက အပန်းဖြေအိမ် ဆောက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတည်ထောင်ထားတဲ့ မိဘမဲ့ကလေးကျောင်းရဲ့ ရံပုံငွေရအောင် တည်းခိုရိပ်သာ အသွင်ပြောင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် ဘန်ဂလိုသုံးလုံး အခန်းခြောက်ခန်းရှိကြောင်း၊ နောင်မှာ ဆယ်ခန်း ဖြစ်လာမှာဖြစ်ကြောင်း ပြောပြတာမို့ ပီတိဖြစ်ရပြန်ပါတယ်။  ဒီမြေကွက် ၀ယ်ယူစဉ်ကလည်း ရောင်းသူရဲ့ ဆိုဈေးကို နားလည်မှုလွဲပြီး ဆယ်ဆတိတိ ပေးချေမိပေမဲ့  ရောင်းသူက ပိုငွေကို ပြန်ပေးလိုက်ကြောင်း၊ ဦးလေးကြီးက ဖောက်သည်ချပါတယ်။  သြော်- လောကမှာ ဒီလို ရိုးသားဖြောင့်မတ်တဲ့ လူကောင်း သူကောင်းတွေ အများကြီး ရှိသေးပါလား လို့   အကောင်းမြင်စိတ်ကလေး ဖျတ်ကနဲ ၀င်လာမိပါတယ်။

လမ်းလျောက်လို့ ၀တော့မှ ပန်းခြံအငယ်စားလေးထဲက ၀ါးဆက်တီကလေးပေါ်မှာ အသာအယာထိုင်ပြီး  မိန်းကလေးတွေ လာချပေးတဲ့ ပေါင်မုန့်မီးကင်၊  ထောပတ်၊ ယို၊ ပန်းသီး စတာတွေနဲ့ မနက်စာ စားပါတယ်။   ပန်းခြံထဲမှာ လမ်းလျောက်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ ခွေးကလေးတွေ သုံးလေးကောင်က အနားမှာ အမြီးတနှံ့နှံ့နဲ့ လာတောင်းနေတာမို့ လူအလစ်မှာ ပေါင်မုန်တချို့ မျှကျွေးရင်း  မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နောက်တခေါက်တော့ လာဦးမှဘဲ - လို့ တွေးနေမိပါတော့တယ်။

အဲဒီတခေါက်က လုပ်လဲပြီးမြောက်၊  ကိုယ်ရောစိတ်ပါ အနားရခဲ့တာမို့ လန်းဆန်းတက်ကြွစွာ ပြန်လာနိုင်ခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း ကြုံရင် သွား အပန်းဖြေလိုက်ဦးနော်....... ။ မင်္ဂလာ မြန်မာနှစ်သစ်ပါ  လို့ နှုတ်ခွန်းဆက်ပါတယ်။  ပိတောက်မွှေးမွှေးလေးလဲ လက်ဆောင်ပေးလိုက်ပါတယ်.....   :D



မိုးစက်ပွင့်



Thursday, 5 April 2012

ပထမဦးဆုံး ”မိုး”

ပြူတင်းတံခါးဖွင့်လိုက်တာနဲ့ မြေသင်းနံ့တွေ နှာသီးဖျားဆီ  ပြေးဝှေ့နှုတ်ဆက်ကြတယ်။  မြို့ပြမှာ အနေကြာပေမဲ့ ကျေးလက်က သူမရဲ့ ငယ်ဘ၀ကို အမှတ်ရစေသော မြေသင်းနံ့လေးတွေ ကို ချစ်မြတ်နိုးတတ်သူရယ်ပါ ။  အစိမ်းနုရောင်သစ်ရွက်ဖျားမှာ တင်ကျန်နေဆဲ ငွေရောင် မိုးရေစက်ကလေးတွေက ဖန်တုံးကလေးတွေ၊ စိန်ပွင့်ကလေးတွေလို လင်းလက်ဆဲ။ သြော်- မနေ့က တကယ်ပဲ မိုးရွာခဲ့သည်လေ ...။ 


--------------------------

မနေ့ကမိုးက စံချိန်တင်အောင် ပူလောင် အိုက်စပ်လှတဲ့ သူမနေထိုင်ရာ အ၀ါရောင်မြို့ကလေးမှာ သင်္ကြန်မတိုင်ခင် ဦးဦးဖျားဖျားရွာပေးခဲ့တာဖြစ်ပါတယ်။ မိုးမရွာခင် အချိန်ကလေးမှာ   သူမရင်ထဲက တဒင်္ဂ ခံစားချက်တွေ တရစ်ပြီးတရစ် တင်းတင်း နှောင်ဖွဲ့ကာ တင်းကြပ် ရှုပ်ထွေးနေခဲ့တာ အခုထိ အမှတ်ထင်ထင် ဖြစ်မိပြန်သေးတယ်။ 

အဲဒီ မနက်ခင်းက  မိုးသားတိမ်လိပ်တွေ ညို့ညို့ မှိုင်းမှိုင်း အုံ့ဆိုင်းလို့၊ ခါတိုင်းဆို ကျစ်ကျစ်တောက် ပူလောင်ပြင်းပြတတ်တဲ့  ရှင်နေမင်း ကလည်း သူ့အရှိန်အ၀ါကို တိမ်သားနောက် ယာယီ ကွယ်ဝှက်ကာ အိနြေ္ဒရင့်ကျက်ဟန် အသွင်ကို ဆောင်ယူလို့၊  ပါတ်ဝန်းကျင် လေထုကလည်း မိုးငွေ့နဲ့ နေပူရှိန် ပေါင်းစပ်ထားတဲ့ အိုက်စပ်ပူနွေးနေတဲ့ ခံစားချက်ကို ဖန်တီးလို့။   မိုး-  မိုး ရွာပါတော့ကွယ်  လို့ သူမနှုတ်ဖျားက တီးတိုးတမ်းတ မိနေခိုက်မှာဘဲ လေပြင်းနှင်လို့ အဝေးကို တိမ်းပါးလွင့်စင်သွားတဲ့ မိုးတိမ်စိုင် မိုးတိမ်ထုတွေရဲ့ အကြောင်း သတိတရ ဖြစ်မိပြန်တယ်။ ဒီမိုးစက်တွေ ငံ့လင့်နေသူအတွက် မချင့်မရဲ ဖြစ်တဲ့စိတ်နဲ့ နာကျင်ခံစားခဲ့တဲ့ အချိန်တွေလည်း အတိတ်မှာ ရှိခဲ့ဘူးတာပေါ့။ အခုရော- တကယ်ဘဲ ရွာဦးမှာလား မိုးရယ် လို့ သံသယ အတွေးနဲ့ ပူပင်သောက  ဖြစ်နေရပြန်သည်။  တကယ်တော့ သူမဟာ မိုးမျှော်သူ သက်သက်တော့ မဟုတ်ပါလေ။  မိုးငွေ့မိုးစက်တွေရဲ့ မိတ်ဆွေဟာ သစ်ပင်လေးတွေဆိုတာ ကောင်းကောင်းသိသူမို့  အမြဲစိမ်းသစ်ပင်ကလေးတွေ အဆက်မပြတ် စိုက်ခဲ့သည်ဘဲလေ။  တပင် နှစ်ပင် တရာ နှစ်ရာ ငါးရာ တထောင် -  အို   အခွင့်အရေး ရတဲ့ အခါတိုင်းမှာပေါ့။

ဟော- ပြောရင်းဆိုရင်း မိုးခြုံးသံသဲ့သဲ့ကြားရပြီလေ။ ခြံထဲက ပန်းပွင့်ပျိုမလေးတွေကလည်း သူမတို့ရဲ့ ပွင့်ချပ်လွှာလေးတွေ မဟတဟနဲ့။  ရွက်ကြွေကိုင်းဖျားက ပုရစ်နုအငုံကလေးတွေက ပြူတစ်ပြူတစ်နဲ့ မိုးစက်တို့အလာကို ငံ့လင့်နေကြတယ်။  ဟော- ပြောရင်းဆိုရင်း တိမ်ညိုတို့  မြေပြင်ဆီ နိမ့်ဆင်းလို့  မိုးရွာဖို့ ဟန်ပြင်လေတယ်။  လေအေးတချက် ဝေးကနဲအတိုင်းမှာ ရွက်ကြွေလေးတွေ မြေပြင်တဖက်ကို လိမ့်ဆင်းသွားတယ်။  မန်ကျည်းကိုင်းပေါ်က ၀မ်းစာအတွက် ပိုးကောင်ကလေးတွေကို အစာစားဖို့ ချောင်းနေတဲ့  ငှက်ညိုကလေးက သူ့ရဲ့ လုံခြုံရာအသိုက်ဆီ  ဖြုတ်ကနဲထပျံသွားတော့တယ်။
ကောင်းကင်ဆီက ငွေမျှားတံကလေးတွေ တဖွဲဖွဲ ကျလာတာကို သူမ ကြည်နူးစွာ ငေးကြည့်နေမိတော့ မိုးစက်တချို့က  မျက်နှာဆီ  ပါးပြင်ဆီ နှုတ်ခမ်းတွေဆီ အနမ်းနဲ့ နှုတ်ဆက်သလို ပြေးဝင်ထိတွေ့လာကြတယ်။ ပျော်လိုက်တာကွယ်။ ဟင့်အင်း- မျက်နှာပေါ်က ရေစက်တွေ မသုတ်ပစ်ချင်ပါဘူး၊ ပြူတင်းတံခါးကိုလည်း မပိတ်ချင်ပါဘူး၊  နွေဦးပေါက်ကာလ တလျှောက်လုံး မျှော်လင့်နေခဲ့ရတဲ့ ဒီမိုး၊  ရွာစမ်းပါစေ၊ သည်းစမ်းပါစေ၊ အေးစမ်းပါစေ -  လို့။

----------------------------

မိုးရွာစဉ်ခိုက်မှာ သိသိသာသာကြီး အေးစိမ့်သွားပေမဲ့ ၊ မိုးစဲသွားချိန်မှာ မဟာပထ၀ီမြေကြီးက ကာလရှည်ကြာ အောင်းထားရတဲ့ အပူတွေကို  သက်ပြင်းရှည်ကြီးတချက်မှုတ်ပြီး ဖြေလျှော့ လွှတ်ထုတ် လိုက်တာမို့ ၀န်းကျင်တခိုက လေထုထဲမှာ ခပ်နွေးနွေးဖြစ်နေပြန်တော့တယ်။  မိုးကိုမျှော်နေတဲ့  ပင်မြင့်ပေါ်က မြစိမ်းရောင် ပိတောက်ဖူးတွေက ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး နဲ့ ရွှေဝါရောင်ပွင့်ချပ်လွှာတွေ ထုံသင်းတဲ့ မွှေးရနံ့ တွေကို သူတို့ရင်မှာ သိမ်းဝှက်ထားတုန်းပဲ ဖြစ်နေသေးတယ်။  တကယ်ဆို မုတ်သုန်ရဲ့ ပထမဆုံးမိုးဟာ အလည်လာရုံသာ ရှိသေးတာ မဟုတ်လား။  မိုးဖြိုင်ဖြိုင်ကျဖို့ ကျန်နေသေးတဲ့ နွေရက်ရှည်ကို ဖြတ်သန်းရပေဦးမယ်..။

ပထမဦးဆုံးမိုးက လှပခဲ့တယ်.....
 ပထမဦးဆုံးမိုးက အေးမြမှုတချို့ပေးခဲ့တယ်....
ပထမဦးဆုံးမိုးက မြေသင်းနံ့ကလေးတွေကို ဖန်တီးပေးခဲ့တယ်....
ပထမဦးဆုံးမိုးက  မြေပေါ်က ဖုန်မှုန့်တချို့ကို သိပ်သည်းသွားစေခဲ့တယ်...
ပထမဦးဆုံးမိုးက ကောင်းကင်မှာ သက်တန့်ရောင်စုံတိမ်ပန်းချီကို ရေးချယ်ပြခဲ့တယ်...
ပထမဦးဆုံးမိုးက  နားခိုရာ အိမ်မဆောက်ရသေးတဲ့ ငှက်တေလေလေးတွေကို သတိပေးခဲ့တယ်.....
ပထမဦးဆုံးမိုးက  အနင်းခံမြက်ကလေးတွေကို ဆက်လက်ရှင်သန်ဖို့ အားသစ်လောင်းပေးခဲ့တယ်.... 
ပထမဦးဆုံးမိုးက  ပုရစ်နုသစ်လေးတွေကိုဝေပြီး  ပန်းပွင့်လေးတွေ လန်းဆန်းဖူးပွင့်လာဖို့  ကူညီခဲ့တယ်...
အဲဒီပထမဦးဆုံးမိုးကဘဲ  သူမရင်ကို အတိုင်းမသိ ကြည်နူးချမ်းမြေ့ သာယာစေခဲ့တယ်....
နောင်ကိုလည်း မိုးတွေ သည်းသည်း ဆက်လို့ ရွာနိုင်ပါစေသားကွယ် .......



မိုးစက်ပွင့်

( စာကြွင်း  -   ရည်ရွယ်ရာသို့  ရည်ရွယ်ပါသည်....)

Monday, 19 March 2012

ပိုးသတ်ဆေး

နေ့ခင်းဘက် ထမင်းစားပြီး ထန်းပက်လက်ကုလားထိုင်မှာ နာရီဝက် တနာရီ မှိန်းတတ်တာ ကိုတက်တူ အကျင့်။ ဒီနေ့ ထမင်းစားရတာလည်း အတော်ခံတွင်းမြိန်ခဲ့တယ်။  ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ၊ ငါးငပိရေကျို ပျစ်ပျစ်နှစ်နှစ်ကို  ငြုပ်သီးစိမ်းထောင်းနိုင်နိုင်နဲ့၊ ယာခင်းထွက် ခရမ်းကြွပ်သီးနဲ့ ဆလပ်ရွက် နံနံပင် သခွားသီးတို့စရာ လတ်လတ်ဆတ်ဆတ်၊  ငါးကလေးအိုးကပ်။ သားကြီးငါးကြီး မပါဘဲနဲ့ ဗိုက်ထဲ ငရုပ်ကျည်ပွေ့နဲ့ ထောင်းသွင်းသလို ၀င်တာပ။  ထမင်းပူပူဟင်းချိုပူပူနဲ့ဆိုတော့ နားသယ်စပ်နှစ်ဖက်ကတောင် ချွေးပြိုက်ပြိုက်စီးလို့၊ ပုခုံးပေါ်က ပုဝါပိုင်းနဲ့ သုတ်သုတ်ပစ်ရတယ်။  သုံးပန်းကန် မောက်မောက် အဆက်မပြတ် စားပြီးတော့မှ ရပ်နိုင်တယ်။  လက်ဆေးရေ ကမ်းပေးတဲ့ ရှင်မက မျက်စောင်း ချိုချို ချိတ်လို့။  ထိုင်နေကျကုလားထိုင်ပေါ် ပက်လက်မှိန်း နေရင် အိပ်ချင်သလိုလို  ငိုက်မျဉ်းလာပြန်တယ်။  အိမ်ရှေ့က ၀ါးကွပ်ပျစ်နံဘေးက အညာနွေကိုအံတုပြီး ထီးလိုမိုးပေးထားတဲ့ ထနောင်းပင်ကြီးက သူ့အာရုံထဲမှာ နီးလာလိုက် ဝေးသွားလိုက် ကြီးလာလိုက် သေးသွားလိုက်။ ဇရက်မင်းစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့..။

(ကျွတ် ကျွတ်) မတိုးမကျယ်  အိမ်မြှောင်စုတ်ထိုးသံကြောင့် မျက်လုံးဖျပ်ကနဲပွင့်လာပြီး   အငိုက်ပြေသွားတယ်။ လူ့စိတ်ကလည်း အခက်သားကလား။  အိပ်ချင်စိတ်တွေက အပူပြင်းပြင်းပေးလိုက်တဲ့ ရေခိုးရေငွေ့တွေလို   တမုဟုတ်ချင်း ပါးလျားပျောက်ကွက်သွားတာ အစအနတောင် ရှာလို့မရတော့ပါဘူး။ ဇိမ်ဖျက်တဲ့သတ္တ၀ါကို မလိုတမာ စောင်းငဲ့ကြည့်လိုက်တော့ သင်းက နံရံမှာ အမြီးတရမ်းရမ်းနဲ့။  ဘာရယ်မဟုတ်။ သူနဲ့မလှမ်းမကမ်း ဖုန်အလိမ်းလိမ်းတက်နေတဲ့  ကြွက်လျှောက်တန်းပေါ်မှာ သုံးလက်စ ပိုးသတ်ဆေး တပုလင်းကို သွားမြင်တယ်။ အိမ်မြှောင်က ပိုးသတ်ဆေးကို စားစရာမဟုတ်မှန်းသိသလိုလို ဂရုပင်မစိုက်ဘဲ ကျောခိုင်းလို့ ၊ သူ့အတွက် နေ့လည်စာအဖြစ် မျက်စေ့လည် လမ်းမှားလာမဲ့  ပိုးကောင်မွှားကောင် တကောင်တလေများ ရမလားလို့ ၀ီရိယထားပြီး တွင်တွင်ချောင်းနေတယ်။  တကယ်တော့ ဒီပိုးသတ်ဆေးက သူ့ ငရုပ်ခင်းနဲ့ ခရမ်းခင်းတွေမှာ လက်စွဲအဖြစ်သုံးခဲ့တာပေါ့။  အလို ငါနောက်ဆုံး  ပိုးသတ်ဆေးဖြန်းခဲ့တာ ဘယ်ရက်ပါလိမ့်လို့ သူ မျက်စေ့မှေးပြီး စဉ်းစားမိတယ်။  ပြီးခဲ့တဲ့ တပါတ်ကလား ဆယ်ရက်ကလား။  အသက်ကလေးရလာတော့ မှတ်ဥာဏ်တွေလဲ မှုန်ဝါးလာသလိုပါဘဲ။ ဒီလိုပိုးသတ်ဆေးတွေ သူ့စိုက်ခင်းမှာသုံးခဲ့တာ ဆယ်စုနှစ်တစုတောင် မကတော့။ ဒီပိုးသတ်ဆေးတွေကို  စိုက်ပျိုးရေးရဲ့ ရဲဘော်ရဲဘက်လို့တောင် အမည်ပေးလိုက်ချင်တယ်။ တနှစ်ပြီးတနှစ် တံဆိပ်တွေသာ အမျိုးမျိုးပြောင်းသွားတယ်။  ပိုးသတ်ဆေးကတော့ ပိုးတွေရဲ့ ဇီဝိန်ကို မှန်မှန်ခြွေနေမြဲ။  ဒီ သီးနှံဖျက်ပိုးမွှားတွေကို မသတ်ချင်လို့လဲမရ။  တောင်းပန်လို့လည်းမရ၊ မောင်းထုတ်လို့လည်း မနိုင်တဲ့ အမျိုးတွေ။ ကိုယ့်လည်ချောင်းထဲရောက်မဲ့ အစားအစာတွေ သင်းတို့က  အုပ်နဲ့ ကျင်းနဲက  လုယက်ယူငင် စားသုံးတော့မှာမို့ လူနဲ့ သတ္တ၀ါတို့ရဲ့ အစာလုပွဲမှာ အားကြီးသူ နိုင်စတမ်းပေပ။ 

ရွာတွေမှာက ဗဟုသုတကနည်း စာမတတ် ပေမတတ်မို့ ကိုယ့်အတတ်ကိုယ်ပြန်စူးတဲ့ ဖြစ်ရပ်တွေ လည်း မနည်းလှတော့။  မယုံမရှိနဲ့။  တမြန်နှစ်က ငရုပ်ခင်းတွေ ပိုးသတ်ဆေးဖြန်းရင်း ပိုက်ဆို့နေလို့ ပါးစပ်နဲ့ မှုတ်ထုတ် တဲ့ ရွာထဲကကောင်လေး တယောက် ယာခင်းထဲတင် စင်းစင်းသေပါရောလား။  မြို့ပေါ်က တူတယောက်ကတော့ ဟင်းသီးဟင်းရွက်တွေ ရေဆေးတာ နည်းလို့ ထင်ရဲ့ လင်မယားနှစ်ယောက်လုံးရော၊ ကလေးတွေပါ ဆေးရုံတက်လိုက်ရတယ်။  ဒါဆိုရင် ကိုယ့်လက်နက် ကိုယ့်ပြန်စူးပြီထင်ပါ့။   ခြေရင်းအိမ်က ကိုကျွဲသမီး အပျိုပေါက်မကတော့ ရည်းစားနဲ့ကွဲပြီး သူ့အဖေယာခင်းထဲပက်မဲ့ ပိုးသတ်ဆေးကို ပုလင်းတ၀က်လောက် မော့သောက်လိုက်တာ၊ ရေရောပြီးသားမို့လို့တကြောင်း  ဆေးရုံ ချက်ချင်းပို့နိုင်လို့ တကြောင်း သေတွင်းထဲက သီသီလေး လွတ်ခဲ့သပေါ့။   အခုတော့ ရပ်ထဲရွာထဲမှာ လင်မယားချင်း ခိုက်ရန်ဖြစ်ရင်တောင် ပိုးသတ်ဆေးပုလင်း ၀ှက်ထားရပေါ့။

ဟိုတလောက ငယ်သူငယ်ချင်းတယောက် သူ့ဆီ လမ်းကြုံလို့ အလည်လာတုန်း ပြောသွားတာတွေ အခုထိမှတ်မိသေးတယ်။  သူက မြို့မှာစာသင်၊  အဲဒီမှာဘဲ အလုပ်ဝင်၊ မြို့သူနဲ့အိမ်ထောင်ကျ၊ အခုတော့ ဘာတဲ့ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ပရဟိတလုပ်ငန်း လုပ်နေတယ် ဆိုလား။ သူက ပြောသေးတယ်။  “ဟ-ကောင်ရ၊ ငါတို့ငယ်ငယ်က ယာခင်းထဲမှာ တွေ့တဲ့အသီးခူးပြီး ရေမဆေး ဘာမဆေး ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားခဲ့တာ ချိုလည်းချို သိပ်အရသာရှိတာဘဲ မောင်၊  အခုတော့ဖြင့် လက်လွတ်စပယ် မစားရဲပေါင်ကွာ၊ မင်းတို့အဲဒီ ပိုးသတ်ဆေးဆိုတာကြီး မသုံးလို့ မရဘူးလား” တဲ့ ။   ပြီးတော့ ပိုးသတ်ဆေးရဲ့ ဆိုးကျိုး ဆိုးမွေတွေ ဆက်ပြောနေသေးရဲ့။  ပိုးသတ်ဆေးကြောင့်  လူကို အကျိုးပြုတဲ့ တခြားအင်းဆက်သတ္တ၀ါတွေ သေကြေရသတဲ့။ မြေဆီလွှာတွေ ပျက်ယွင်းသတဲ့။ ပါတ်ဝန်းကျင် ညစ်ညမ်းသတဲ့။ လူတွေ ကျမ်းမာရေးထိခိုက်သတဲ့။ အင်း- သူနဲ့ အခြေအတင်ပြောမနေတော့ပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသကိုး ။  ဘယ်သူက အလကား ငွေကုန်ခံ၊ ပါဏာတိပါတာ အကုသိုလ်တက်ခံ ချင်ပါ့မလဲ။ ကိုယ့်အခင်းက ပိုးသတ်ဆေးမဖျန်းရင် ပိုးသတ်ဆေးဖျန်းထားတဲ့ သူများအခင်းက ပိုးတွေ ကိုယ့်ဆီ စုပြုံလာမှာပေါ့။  စိုက်ခင်းတွေ ပျက်ကုန်ရင် ဘယ်လိုထမင်းစားရမလဲ။  အခုလို ထမင်းဝရုံသာသာ ရုန်းကန်နေရတဲ့အချိန်မှာ ဘယ်လိုလုပ် ဒါတွေ ဂရုစိုက်နိုင်ပါ့မလဲ။  အင်း၊ သူပြောသွားတဲ့ “ဘိုင်အို နည်းပညာ” တို့ “ဇီဝ ပိုးသတ်ဆေး” တို့ ကိုယ့်ရွာနီးချူပ်စပ်မှာ လွယ်လွယ်ကူကူ လက်လှမ်းမှီမဲ့ အချိန်ရောက်ရင်တော့ တမျိုးပေါ့လေ။

စိတ်ထွေထွေနဲ့ တီဗွီကြည့်ရင်ကောင်းမလား စဉ်းစားပြီး ရီမုတ်ကို ရှာတယ်။ တီဗွီရီမုတ်ကို နှိပ်ကြည့်လိုက်တော့ ထင်းရူး သေတ္တာစုတ်ပေါ်က ဘက်ထရီအိုးနဲ့ တွဲထားတဲ့ ၁၄လက်မ အဖြူအမည်းတီဗွီကလေးက တာဝန်ကျေစွာ တရှဲရှဲ ခဏမြည်ပြီး ပုံရိပ်တချို့  ပေါ်လာတယ်။  အပြိုင်းအရိုင်း အောင်မြင်နေတဲ့ သီးနှံခင်းတွေထဲမှာ  နောက်ခံ တေးဂီတနဲ့အတူ ပျော်ရွှင်ကခုန်နေကြတဲ့  နံမည်ကျော်မင်းသားနဲ့ မင်းသမီးလေးစုံတွဲကို ပိုးသတ်ဆေးပုံးကိုလွယ်ပြီး ဆေးဖြန်းပိုက်တရမ်းရမ်းနဲ့  ဂိုက်ပေးကြမ်းကြမ်း သရုပ်ဆောင်နေတာ တွေ့ရတယ်။  တိုက်ဆိုင်လိုက်ပုံများ ပြောဘဲမပြောချင်။ အမှတ်မထင် သူ့ညာဖက်လှည့်ကြည့်လိုက်တော့ အိမ်နံရံမှာ ချိတ်ထားတဲ့ မှန်ပေါ်မှာ သူ့ရုပ်ကို သူပြန်မြင်လိုက်ရတယ်။  အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ ၊  ဆံပင် ဖြူတ၀က် နက်တ၀က်နဲ့ ထူးမခြားနား မြင်နေကျမျက်နှာ။  အဲ- ထူးခြားတာက သူ့မျက်စေ့တွေက ပိုးသတ်ဆေးစားမိထားတဲ့ ဖားတကောင်လို  ပြူးကျယ်ကျယ် ဖြစ်နေတယ်လို့ ခံစားရတယ်။  ချက်ချင်း အသက်ရှုကြပ်ချင်သလိုဖြစ်လာတာနဲ့ ကုလားထိုင်လက်တန်းကို တင်းတင်းဆုပ်ထားလိုက်မိတယ်။  ရှင်မရေ ရှင်မ။ အသံက လည်ချောင်းထဲမှာပဲ တိမ်ပြီးပျောက်သွားတယ်။ ဗိုက်ထဲက ထိုးအောင့်ပြီးနာလာတယ်၊  လေချဉ်တချက်တက်တယ်  ပြီးတော့ နားခေါင်းထဲမှာ၊ ပါးစပ်ထဲမှာ ပိုးသတ်ဆေးနံ့တွေ စူးရှလာပြန်တယ်။

မိုးစက်ပွင့်